မစ္စတာလုစ်သည် “မြန်မာအစ ကျောက်ဆည်က” ဟူသော သမိုင်းအဆိုသစ်ကို ထူထောင်သူ ဖြစ်သည်။ ၁၉၈၅-ခုနှစ်က ထုတ်ဝေခဲ့သော သူ၏စာအုပ် (Phases of Pre-Pagm Burma, Languages and History) တွင် “မြူနှင့်ခုမိ” လူမျိုးတို့အကြောင်းကို တင်ပြရာတွင် ရခိုင်မင်းတို့သည် သက်၊ မြုန်၊ ချင်းတို့ကို အုပ်စိုးခဲ့ ကြကြောင်း၊ ၎င်းတို့မှာ အိန္ဒိယဘွဲ့အမည်များရှိပြီး မူဆလင်ဘာသာဝင်များ ဖြစ်သည်ဟု ပြောကြကြောင်း စသည်ဖြင့် ရေးသားပြီး နောက် ရိုဟင်ဂျာနှင့် စပ်လျဉ်း၍ အောက်တွင် လိုရင်းမျှ ဘာသာ ပြန်ထားသည့် အတိုင်း ရေးသားပါသည်။
““နတ်မြစ်အရှေ့ မယူမြစ်ဒေသ၌ အများစုနေထိုင် ကြသူများမှာ ရိုဟင်ဂျာဟု ယနေ့သိနေကြသော မူဆလင်များ ဖြစ်ကြသည်။ ၎င်းတို့က ဤဒေသတွင် နှစ်ပေါင်းတစ်ထောင်ကျော်ကပင် နေထိုင်ခဲ့သည်ဟု ဆိုကြသည်။ ဤသို့ ဆိုခြင်းသည် ချဲ့ကားခြင်း ဖြစ်သည်။ သို့သော် မူဆလင်တို့သည် ဘင်္ဂလားကို အေဒီ ၁၂၈၂-ခုကပင် သိမ်းပိုက်ခဲ့သည်ကို ကျွန်ုပ်တို့ သိကြသည်။ ထို့နောက် ရှေ့ပုဂံမင်းများနှင့် ဆက်စပ် လူသိများခဲ့သော နောက်ဆုံးဗုဒ္ဓဘာသာနိုင်ငံ ပဋိက္ကရား (ကူမိလာ)ကို ဖြိုဖျက်၍ ရခိုင်နယ်စပ်သို့ မကြာမီပင် ရောက်လာခဲ့သည်။ နယ်စပ်၌ တိုက်ပွဲဖြစ်ပွားသောအခါ ဒေသခံ လူမျိုးနွယ်စုများလည်း ပါဝင်ခဲ့ဟန်တူသည်။ အချို့ မူဆလင်ခေါင်းဆောင်များ သို့မဟုတ် မူဆလင်ဘာသာပြောင်းခဲ့သူ တချို့ဒေသခံ အကြီးအကဲများသည် မြန်မာနိုင်ငံဘက်၌ အခြေစိုက်နေထိုင်ခဲ့ကြ ဟန်တူသည်။””
မစ္စတာလုစ်၏ စာအုပ်ကို ကျမ်းကိုးပြု၍ ဆရာကြီးဒေါက်တာ သန်းထွန်းကလည်း ဆောင်းပါးတစ်စောင် တွင် အောက်ပါအတိုင်း ရိုဟင်ဂျာနှင့်ပတ်သက်၍ ရေးသားထားပါသည်။
““ရခိုင်မင်းကလည်း မူဆလင်ဘာသာဘွဲ့ ရှိတယ်။ အ၀မင်းဆီ ၀င်ရောက်လာတယ်၊ မူဆလင်မင်းကတော့ နတ်မြစ် (Naaf)၊ အရှေ့မယူ(Mayu) မြစ်ဒေသက ရိုဟင်ဂျာ (Rohinja) ဖြစ်မလားလို့ ဆင်ခြင်မိတယ်။ သူတို့ကလည်း အဲဒီအရပ်မှာ နှစ်ပေါင်းတစ်ထောင်ထက် မနည်းတော့ဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီလောက် မရှိပေမယ့် (ခရစ်-၁၂၀၂)လောက်က ဘင်္ဂလားကို မူဆလင်အယူရှိသူတွေ စတင်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အခါက ဖြစ်နိုင်တယ်။ အနှစ် (၈၀၁)ကပေါ့။ တချို့မူဆလင် ခေါင်းဆောင်ဟာ အ၀မင်းနဲ့ မိတ်သဟာဖြစ်တဲ့ သဘောကို ဒီကျောက်စာမှာ ရေးမှတ်ခဲ့တယ်လို့ ထင်ရပါတယ်””
ဆရာကြီးလုစ်နှင့်ဆရာကြီးဒေါက်တာ သန်းထွန်းတို့ ရိုဟင်ဂျာအကြောင်းရေးသားရာတွင် အဓိက အထောက်အထားပြုသော ကျောက်စာမှာ စစ်ကိုင်းထူပါရုံဘုရားကျောက်စာ ဖြစ်ပါသည်။ ကျောက်စာရေး ထိုးခဲ့သော မင်းမှာ အင်းဝဘုရင်နရပတိဖြစ်ပြီး ကျောက်စာရေးထိုးနှစ်မှာ မြန်မာသက္ကရာဇ် ၈၀၄-ခု၊ ခရစ်နှစ် ၁၄၄၂-ခု ဖြစ်ပါသည်။ ကျောက်စာတွင် နရပတိမင်း နန်းတက် သောအခါ မြန်မာနိုင်ငံ အရပ်ရှစ်မျက်နှာမှ လူများလာရောက်၍ ဂါရ၀ပြုကြပုံကို ရေးထိုးထားသည်ဟု မစ္စတာလုစ်က ဆိုပါသည်။ ဆရာကြီးတို့ အထောက်အထားပြုကြသော ကျောက်စာတစ်စိတ် ဒေသ၏ လိုရင်းအချုပ်မှာ ““ပန်သေမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည် နရပတိဘုရင်၏ ဘုန်းတော်ကို လာရောက် ခိုလှုံသည်”” ဟူ၍ ဖြစ်ပါသည်။
ဤတွင် “ပန်သေမင်း” ဟူသော ကျောက်စာပါ စကားတစ်လုံးတည်းကို အထောက်အထားပြု၍ ပန်းသေး ဟူသည်မှာ မြောက်ပိုင်း မူဆလင်များဖြစ်သည်။ ၎င်းတို့သည် ယခုအခါ နတ်မြစ်အရှေ့ဘက် မယူကမ်းခြေ တွင် နေထိုင်ကြသော ရိုဟင်ဂျာအမည်ခံသူများ ဖြစ်ကြလိမ့်မည်ဟု ဆရာကြီးတို့ ကောက်ချက်ဆွဲယူကြဟန် တူပါသည်။
စင်စစ်ရိုဟင်ဂျာဟူသော အမည်မှာ ထိုရှည်ဝေးလှသော အတိတ်ကာလကိုထား၍ မြန်မာနိုင်ငံ အင်္ဂလိပ် ကိုလိုနီဘ၀မှ လွတ်မြောက်လာသော ၁၉၄၈-ခုနှစ်ထိ မပေါ်ပေါက်ဖူး၊ မရှိဖူးသေးသော အမည်ဖြစ်ပါသည်။
နတ်မြစ်အရှေ့ဘက် မယူမြစ်ဒေသတွင် နေထိုင်ကြသော လူဦးရေ အများစု ၉၄-ရာခိုင်နှုန်းခန့်သည် မူဆ လင်များ ဖြစ်ကြသည်မှာ မှန်ပါ၏။ ထိုသူတို့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည် အထိ စစ်တကောင်း မှ လာရောက်အခြေချနေထိုင်ကြသော “စစ်တကောင်းနယ်၊ ဘင်္ဂါလီလူမျိုးအဖြစ်သာ လူတိုင်းသိကြပါသည်။ ခိုင်မာသော မှတ်တမ်းများ (ဒေါက်တာ ဘနာဂျီစာအုပ်၊ မောင်တောကျွန်းအုပ် ဦးမောင်ညို မှတ်တမ်းစာ၊ စစ်တွေခရိုင် ဂေဇက်တီးယားများ၊ ဦးစံထွန်းအောင်၏ စာတမ်း၊ မင်းကြီး မစ္စတာဂျိမ်း အက်စဲသာ ဦးဆောင်သော စုံစမ်းရေးကော်မရှင် အစီရင်ခံစာ၊ ရခိုင်တိုင်းမင်းကြီး လုပ်ခဲ့သော စာရေးဆရာ ကြီး မောင်ထင်၏ ရခိုင်ပြည်နယ် အစီရင်ခံစာ) တို့တွင်လည်း ၎င်းတို့ကို “စစ်တကောင်းသား” များအဖြစ် မှတ်တမ်းတင်ခဲ့ကြပါသည်။ ရိုဟင်ဂျာ အမည်ခံသော တိုင်းရင်းသားတစ်မျိုး ဖြစ်ကြောင်း မည်သူကမျှ မဖော်ပြခဲ့ကြပါ။
ထိုစစ်တကောင်းသားများတွင် မြန်မာဘုရင်ခံနှင့် ဗြိတိသျှကို လိုနီခေတ်ဦးတွင် လယ်လုပ်သားများအဖြစ် မယူဒေသသို့ ခတ္တ ခဏလာရောက်နေထိုင်ပြီး လုပ်ငန်းရာသီကုန်လျှင် မိမိနေရပ်စစ်တကောင်းသို့ ပြန်လေ့ ရှိကြောင်း၊ နောင်ခါလူနေကျဲသော ထိုဒေသ၌ အနည်းအကျဉ်း အခြေချနေထိုင်ကြရာမှ ကိုလိုနီခေတ်တွင် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွားလာခွင့် ပြုထားခြင်းကြောင့် စီးပွားရေး၊ နိုင်ငံရေးစသော အကြောင်းကြောင်း တို့ကို အမှီပြု၍ ကြောက်ခမန်းလိလိ ဒလဟောဝင်ရောက်နေထိုင်လာကြခြင်း ဖြစ်ကြောင်းတို့ကို အထက်ဖော်ပြပါ မှတ်တမ်းများတွင် ဖတ်ရှုနိုင်ပါသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် ထိုသို့စစ်တွေခရိုင်၌ ၀င်ရောက်အခြေ စိုက်လာသော စစ်တကောင်းသားဦးရေသည် ကြောက်မက်ဖွယ် တိုးတက်လာမှုကြောင့် မင်းကြီး မစ္စတာဂျိမ်းအက်စဲသာ ဦးဆောင်သော စုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးစေကြောင်း၊ ထိုကော်မရှင်က ဤလူဝင်မှုကို မတားဆီးခဲ့လျှင် လူမျိုးရေးအဓိကရုဏ်း ဖြစ်လာနိုင်သည်ဟု အစီရင် ခံခဲ့ကြောင်းတို့ကို ရခိုင်ခေါင်းဆောင် ဦးလှထွန်းဖြူက သူ၏ “ရခိုင်ပြည်နယ်” စီးပွားရေးဘဏ္ဍာတိုက်” စာအုပ်တွင် ဖော်ပြထားပါသည်။
ထိုစုံစမ်းရေးကော်မရှင် သတိပေးခဲ့သည့်အတိုင်းပင် ဒုတိယ ကမ္ဘာစစ်အတွင်းက ၀မ်းနည်းကြေကွဲဖွယ်ရာ လူမျိုးရေးအဓိကရုဏ်းကြီးကို ကိုလိုနီတံခါးဖွင့်ဝါဒ၏ ဆိုးမွေအဖြစ် ရခိုင်သားများ ခံစားခဲ့ကြရပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နတ်မြစ်တစ်ဖက်ကမ်းနေ စစ်တကောင်းနွယ် မူဆလင်များသည် ထိုဒေသကို ၎င်းတို့၏ သီးခြားဒေသတစ်ခု ပြုလုပ်ရန် အကြံရှိလာပုံ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် လူဝင်လူ ထွက်ပြဿနာကြောင့် ရခိုင်တိုင်းသို့ စစ် ကောင်းဘက်မှ အလွယ်တကူဝင်ရောက်မလာနိုင်သဖြင့် “မူဂျာဟစ်” သူပုန်ပေါ်ပေါက်လာပုံတို့ကို ရခိုင်တိုင်းမင်းကြီးဟောင်း ဦးထင်ဖတ် (စာရေးဆရာ ကြီး မောင်ထင်)က အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
““စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ် တစ်ဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့် ကုလားပန်ဇင်းမြစ်ဝှမ်း ဒေသတို့ကို နယ်သစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ၀ါဒ ဖြစ်သည်။ ၎င်းဝါဒ ကို သွေးထိုးပေးသူမှာ ရခိုင်တိုင်းတွင် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သော စစ်တကောင်း အမျိုးသား တစ်ဦး ဖြစ်သည်။ အလုံးအရင်းနှင့် ချီတက်၍ အခြေစိုက်ရန် ပြင်ဆင်ထားခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်နှင့် တပြိုင်နက် ၎င်း၏ပြင်ဆင်ချက်တို့သည် တစ်မျိုးတစ်ဖုံ ဖြစ်လာလေသည်။
ထိုအချိန်၌ မြန်မာနိုင်ငံအစိုးရသည်လည်း လူဝင်လူထွက် ပြဿနာကို အထူးဂရုစိုက်ကြည့် ကြီးကြပ်လာခဲ့ ရလေသည်။ ထို့ကြောင့် ရခိုင်တိုင်းထဲသို့ စစ်တကောင်းလူမျိုးများ အလွယ်တကူ ၀င်ထွက်သွားလာရန် မဖြစ်နိုင်သောအခါ၌ မူဂျာဟစ်လှုပ်ရှားမှုသည် တဖြည်းဖြည်းကြီးကျယ်လာပြီးလျှင် သူပုန်ခေါင်းဆောင် ကာဆင်းသည်လည်း နာမည်ကြီးဖို့ရာ ဖြစ်ခဲ့လေသည်။
”” ဖဆပလအစိုးရလက်ထက်တွင် ထိုမူဂျာဟစ်သူပုန်များ လှုပ်ရှားသည့်နည်းတူ မူဆလင်ပြည်နယ် ထူထောင်ရန် အကြံအစည်ရှိသော မူဆလင်ပညာတတ် ခေါင်းဆောင်အချို့သည် ၎င်းမယူဒေသ၌ အထက်တွင်ဖော်ပြသကဲ့သို့ ၀င်ရောက်နေထိုင်လာကြသော စစ်တကောင်းအနွယ်မူဆလင်များကို လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်ကပင် ထိုဒေသ၌ အခြေစိုက်နေထိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်လေဟန်လုပ်ကြံကာ ရိုဟင်ဂျာဟူသော အမည်ကို ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါသည်။ ထိုကိစ္စကို ၎င်းအမည် ပေါ်ပေါက်စ (၁၉၅၀-၆၀)ခုနှစ်ခန့်ကပင် ရခိုင်အမျိုးသား သုတေသီများက စာနယ်ဇင်းများတွင် ရှင်းလင်တင်ပြခဲ့ကြပြီး ဖြစ်သည်ကို ဆရာကြီး သိလိမ့်မည်ဟု ယူဆပါသည်။
တစ်ဖန်ဆရာကြီးတို့က မူဆလင်တို့သည် ဘင်္ဂလားကို ခရစ် နှစ် ၁၂၀၂-တွင် သိမ်းပိုက်ပြိး ပဋိက္ကရား (ကူမိလာ)ကို ဖြိုဖျက်၍ ရခိုင်နယ်စပ်သို့ မကြာမီပင် ရောက်ခဲ့သည်။ ထိုစဉ်က မယူဒေသတွင် မူဆလင်မင်း အခြေစိုက်ခဲ့ပေလိမ့်မည်ဟု ထင်မြင်တွေးဆထားသည်များကို တွေ့ရပြန်ပါသည်။
ဤတွင်လည်း ဆရာကြီးတို့သည် S.BQanungo စစ်တကောင်းရာဇ၀င် P.Gutman ၏ ရှေးဟောင်းရခိုင်ပြည် Prof M.Ahshad and Prof H Rahman တို့၏ အင်ဒိုပါကစ္စတန်သမိုင်း စသော စာအုပ်စာတမ်းများကို မလေ့ လာမိ၍ ဤသို့တွေးဆမိခြင်း ဖြစ်မည်ဟု ထင်မိပါသည်။ ၎င်းစာအုပ်စာတမ်းများအဆိုအရ မူဆလင် တို့သည် ဘင်္ဂလားကို ခရစ် ၁၂၀၂-ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း စစ်တကောင်းနယ်သို့ ၁၃-ရာစုနောက်ပိုင်း တွင်သာ ရောက်လာပြီး ၁၄-ရာစုအလယ်ခန့်ကျမှ စစ်တကောင်းဒေသကို စိုးမိုးနိုင်ခဲ့ကြောင်း သိရပါသည်။
မယူမြစ်ဒေသတွင်မူ မည်သည့်အခါကမျှ မူဆလင်မင်း၊ မူဆလင်အကြီးအကဲတို့ အခြေမစိုက်ခဲ့ဖူးကြောင်းကို ရခိုင်ရာဇ၀င်၊ ဘင်္ဂလားရာဇ၀င်များနှင့် ထိုဒေသရှိ ဝေသာလီခေတ်၊ မြောက်ဦးခေတ်တို့ကပင် တည်ရှိခဲ့သော ဘုရားစေတီများက သက်သေခံနေပါသည်။
နောက်ဆုံး “ရခိုင်မင်းတို့မှာ မူဆလင်ဘာသာဝင်များ ဖြစ်သည်ဟု ပြောကြသည်” “ရခိုင်မင်းကလည်း မူဆလင်ဘွဲ့ ရှိတယ်” ဟူသော ဆရာကြီးတို့၏ မှတ်သားချက်များနှင့် စပ်လျဉ်း၍ အနည်းငယ် တင်ပြလို ပါသည်။ ရခိုင်ရာဇ၀င်များအရ ရခိုင်ဘုရင်အချို့သည် မူဆလင်ဘွဲ့ကို ခံယူခဲ့ကြောင်း သိရပါသည်။ ထိုဘုရင်များမှာ မြောက်ဦးမြို့တည် နန်းတည်ဘုရင် နရမိတ်လှခေါ် မင်းစောမွန် နောက်တွင် အုပ်စိုးသော ဘုရင်အချို့ ဖြစ်ပါသည်။
မင်းစောမွန်သည် အင်းဝဘုရင်မင်းခေါင်၏ သားတော် မင်းရဲကျော်စွာတိုက်သဖြင့် ဘင်္ဂလားသို့ ထွက်ပြေးရ သည်။ ဘင်္ဂလားတွင် ၂၂-နှစ်မျှ ခိုလှုံပြီးနောက် ဘင်္ဂလားမင်း၏ အကူအညီဖြင့် ထီးနန်းကို ပြန်လည်ရရှိပါ သည်။ မြောက်ဦးမြို့ကိုလည်း တည်ပါသည်။ ဘင်္ဂလားမင်းကို ကျေးဇူးတုံ့ပြန်သောအားဖြင့် သူ့နောက် ထီးနန်း ဆက်ခံမည့် ညီတော်နရနု (ခေါ်) မင်းခရီအား မင်းဖြစ်လျှင် မူဆလင်ဘွဲ့ကိုပါ ခံယူရန် မှာထားခဲ့ပါ သည်။ ထို့ကြောင့် မင်းခရီသည် “အလီမင်” ဟူသော မူဆလင်ဘွဲ့ကို ခံယူပါသည်။ ထိုအကြောင်းကို ရခိုင် ရာဇ၀င်များတွင် အတိအလင်း ဖော်ပြထားပါသည်။
မင်းခရီသည် မူဆလင်ဘွဲ့ကို ခံယူခဲ့သော်လည်း မူဆလင်ဘာ သာဝင်မဟုတ်၊ ဗုဒ္ဓဘာသာစစ်စစ် ဘုရင်တစ် ပါးဖြစ်သည်ကို အင်းဝဘုရင် နရပတိနှင့် အပြန်အလှန်ပေးပို့သော သ၀ဏ်လွှာများ၊ သံတွဲမိဖုရား စောယဉ် မိနှင့် အပြန်အလှန်ပေးပို့သော ရတုများအရ သိရပါသည်။ ထိုအလီခေါ် မင်းခရီသည် ထူပါရုံစေတီတော် ဒါယကာအင်းဝဘုရင်နရပတိနှင့် ဖိုးခေါင်တောင်တွင်တွေ့ဆုံ၍ မဟာမိတ်ဖွဲ့ကာ ပိုင်နက်နယ်နိမိတ် သတ်မှတ်ကြကြောင်းကိုလည်း မှန်နန်းရာဇ၀င်၊ တွင်းသင်းရာဇ၀င်စသော မြန်မာရာဇ၀င်ကျမ်း ကြီးများနှင့် ရခိုင်ရာဇ၀င်ကျမ်းကြီးများတွင် အထင်အရှားဖော်ပြထားပြီး ဖြစ်ပါသည်။ ဘုရင်နရပတိထံ ၀င်ရောက် ခိုလှုံသောမင်း မဟုတ်ပါ။
မင်းခရီ၏သားတော် ဘစောဖြူမှ မင်းခမောင်းထိ စဉ်ဆက်မပြတ် အုပ်စိုးလာခဲ့သော မြောက်ဦးခေတ်ဘုရင် ၁၂-ပါးလည်း ကုလားဘွဲ့ အသီးသီးခံခဲ့ကြပါသည်။ ကုလားဘွဲ့ခံကြသော်လည်း ရခိုင်ဘုရင်တို့သည် ဗုဒ္ဓဘာ သာဝင်သာသနာဒါယကာမျာသာ ဖြစ်ကြောင်းကို မြောက်ဦးမြို့တော်ဟောင်း၌ ယနေ့တိုင် ဖူးမြော်နိုင်သော ၎င်းမင်းတို့၏ ကောင်းမှုတော်စေတီပုထိုးတို့က မားမားမတ်မတ် သက်သေခံနေကြဆဲ ဖြစ်ပါသည်။
မြောက်ဦးခေတ် ရခိုင်ဘုရင်တို့ မူဆလင်ဘွဲ့ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားသမိုင်းကို နှံ့စပ်သူ၊ ရခိုင်ဒင်္ဂါး သုတေသီ ဖယ်ယာက ““ဆလိပ် (Slim) သို့မဟုတ် (Hussien) ဟူသော မဟာမေဒင်အမည်များ သည် ထိုကာလ၌ ရခိုင်ဗုဒ္ဓဘာသာဘုရင်များ စစ်တကောင်းထိ ပိုင်စိုးခဲ့ကြောင်း ရည်ညွှန်းထားသော မွေးစား စကားလုံးဖြစ်သည်”” ဟု ဆိုခဲ့ပါသည်။
ဖယ်ယာနည်းတူ တခြားနိုင်ငံသား သမိုင်းပညာရှင်များနှင့် ရခိုင်ရာဇ၀င်ကျမ်းပြုဆရာများကလည်း မူဆလင် ဘွဲ့ခံ ရခိုင်ဘုရင်များ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြောင်း၊ ယခင်က ရခိုင်ဘုရင်တို့ ပိုင်စိုးခဲ့သော ဘင်္ဂါ (၁၂)မြို့ကို မင်းစောမွန်လက်ထက်တွင် ဘင်္ဂလားမင်းအား ကျေးဇူးတုံ့ပြန်သောသဘောဖြင့် ပေးအပ်လိုက်သော်လည်း နောက်ပိုင်းဘုရင်များလက်ထက်တွင် ပြန်လည်ရယူ စိုးမိုးနိုင်ခဲ့ကြောင်း တညီတညွတ်တည်း ဖော်ပြရေးသားကြသည်ကို တွေ့နိုင်ပါသည်။
ဤမျှဆိုလျှင် ရိုဟင်ဂျာ ဆိုသူများသည် မည်သူများဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်က မယူဒေသ၌ မူဆလင်များနှင့် မူဆလင်မင်းဟူ၍ မရှိခဲ့ကြောင်းတို့ကို ဆရာကြီးတို့ နှင့်အတူ စာဖတ်သူများ ရှင်းရှင်းလင်းလင်း သိလောက်ပြီဟု ထင်ပါသည်။
မောင်ဗသိန်း
(၁၉၉၅၊ မတ်လ၊ ကလျာမဂ္ဂဇင်း)
http://www.arakanfolks.com မှကူးယူဖော်ပြပါသည်။
0 blogger-facebook:
Post a Comment