Home » »
ဒါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း

ဒါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရရှိခဲ့သော ကိန်းသာဓမ္မကျောင်းဆရာတော် ဒေါက်တာအသျှင်ဥာဏုတ္တရကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်ရင်းရပ်ကွက်၌ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့မှ ၁၉၈၃ ခု ဒီဇင်ဘာ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ (၁၂)ဦးအနက် (၉)ဦးမြောက် သားဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်ဘောင်အတွင်းသို့ ရှင်သာမဏေအဖြစ် ၁၃၆၁- ခု တန်ခူးလဆန်း (၃)ရက်နေ့တွင် ၀င်ရောက်ခဲ့သည်။

ဒေါက်တာအသျှင်သည် သီရိလင်္ကာနိုင်ငံသို့ မထွက်ခွာမီ မြန်မာနိုင်ငံ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အင်္ဂလိပ်စာဘာသာရပ်ဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။ ၎င်းအပြင် ဘုန်းတော်ကြီးသင် ပရိယတ္တိရေးရာတွင်လည်း အခြေပြုမူလတန်း၊ ပထမ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း (ရခိုင်တစ်ပြည်လုံးတွင် ပထမဂုဏ်ထူး၊ ရခိုင်ပြည်နယ် ပထမကျော်) အောင်မြင်ခဲ့ပြီး အစိုးရစာချတန်းကျမ်းစာများကို ရန်ကုန်တွင် စာချအကျော် ဆရာတော်များထံ၌ ဆရာနည်းရသည်အထိ သင်ယူလေ့လာပြီးဖြစ်သည်။ ထို့ကြောင့် ဒေါက်တာအသျှင် သည် လောကီ၊ လောကုတ္တရာနှစ်ဖြာသော ပညာရပ်များကို ထူးချွန်စွာဖြင့် သင်ယူလေ့လာအောင်မြင် ထားသော ရဟန်းတော်တစ်ပါး ဖြစ်သည်။

ဒေါက်တာအသျှင်သည် ၂၀၀၆ ခုနှစ်၊ ဇန်န၀ါရီလ၊ ၂၄ ရက်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ သူ၏အဆင့်မြင့် ဘွဲ့လွန်ပညာရေးဖြစ်သော ဗုဒ္ဓပညာလေ့လာမှုပညာ (Buddhist Studies)ကို လေ့လာဆည်း ပူးခဲ့ရာ သီရိလင်္ကာနိုင်ငံ ကေလဏိယ တက္ကသိုလ်၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies)မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှ ဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ ရရှိခဲ့ပြီး ၎င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phill.) (ဗုဒ္ဓဘာသာပညာ)ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့ပြီး ယင်းဘွဲ့အတွက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။

ထို့အပြင် ဒေါက်တာအသျှင်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပို့ချသော (Diploma in English for Teachers of English) အင်္ဂလိပ်စာပြ ဆရာဖြစ်ဒီပလိုမာ (၂)နှစ်သင်တန်း ကိုလည်း ဖြေဆိုအောင်မြင်ပြီးဖြစ်သည်။ နောက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြုံ ဖွံ့ဖြိုးတိုးတက်မှုမှာ ဗုဒ္ဓဘာသာ ၏ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။

ဒေါက်တာအသျှင်၏ ပါရဂူဘွဲ့အတွက် တင်သွင်းခဲ့သော ကျမ်းအမည်မှာ ရခိုင်ပြည်နယ်အပေါ်မှာ ဗုဒ္ဓဘာသာ ၏ လွှမ်းမိုးမှုအကြောင်းအရ လေ့လာမှု (A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing(Arakan) State) ဖြစ်သည်။ ဒေါက်တာအသျှင်၏ ထိုပါရဂူဘွဲ့ရကျမ်းကို မြန် မာပြန်စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဒေါက်တာအသျှင်သည် သီရိလင်္ကာနိုင်ငံမှ ရခိုင်အမျိုးသားထဲတွင် ပထမဦးဆုံး ပါရဂူဘွဲ့ရရှိခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်။ ယခုအခါ သက်တော် (၃၀)နှစ်၊ ၀ါတော်(၁၀)၀ါရ ဒေါက်တာအသျှင်သည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်တန်းရပ်ကွက် မယူမြစ်ကမ်းစပ်နားတွင် မြို့တွင်းနှင့် နယ်မှ ကြည်ညိုလေးစားအားထားကြသော တပည့် ဒါယကာ/ဒါယိကာမများမှ ဆောက်လုပ်လှူဒါန်းအပ်သော "ကိန်းသာဓမ္မကျောင်း"တွင် သီတင်းသုံးလျက်ရှိသည်။ ယင်းကျောင်းကို အခြေပြုလျက် ဆရာတော်သည် အမျိုး၊ ဘာသာ၊ သာသနာအတွက် လူသားအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ (Human Resource Development) ကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

IRCR Rathedaung

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)မှ-

0 blogger-facebook:

Post a Comment